top of page
Search

ထိုင်းနိုင်ငံရှိ စီးပွားရေးအဖွဲ့အစည်းများအတွက် နှစ်စဉ်ရုံးပိုင်းဆိုင်ရာ လိုက်နာဆောင်ရွက်ရန် အချက်များ




ထိုင်းနိုင်ငံတွင် ဖွဲ့စည်းတည်ထောင်ထားသော ကုမ္ပဏီအဖွဲ့အစည်းများအနေဖြင့် ထိုင်းနိုင်ငံ၏ ဥပဒေများနှင့်အညီ ချမှတ်ထားသော နှစ်စဉ်ရုံးပိုင်းဆိုင်ရာ လိုက်နာဆောင်ရွက်ရန် အချက်များအား သေချာစေရန် အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်ရန် လိုအပ်လှသည်။ ထိုသို့ လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ပါက သက်ဆိုင်ရာ အစိုးရဌာနများမှ ချမှတ်ထားသော ဒဏ်ကြေးများ/ပြစ်ဒဏ်များ ကျသင့်ပေးဆောင်ရမည်ဖြစ်ပါသည်။ ကုမ္ပဏီလုပ်ငန်းတွင်း စာရင်းအင်း၊ အခွန်နှင့် ကုမ္ပဏီလည်ပတ်မှုဆိုင်ရာ လုပ်ငန်းဆောင်တာများကို ဥပဒေများနှင့်အညီ နှစ်စဉ် အချိန်မှန် ဆောင်ရွက်ရန် လိုအပ်ပါသည်။ အဆိုပါ လုပ်ငန်းဆောင်တာများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

 

နှစ်ပတ်လည် အထွေထွေအစည်းအဝေး (AGM)


နှစ်ပတ်လည် အထွေထွေအစည်းအဝေး (AGM) ကို ကုမ္ပဏီအား စတင်ဖွဲ့စည်းတည်ထောင်သည့်နေ့ရက်မှ ခြောက်လအတွင်း ကျင်းပရမည်ဖြစ်ပြီး ယင်းနောက်တွင် ပြက္ခဒိန်လတစ်ဆယ့်နှစ်လ (တစ်နှစ်) လျှင် တစ်ကြိမ် ကုမ္ပဏီ၏ ဘဏ္ဍာနှစ်ကုန်ဆုံးသည့်နေ့မှ လေးလအတွင်း ကျင်းပရမည်။ AGM ၏ အစီအစဉ်များတွင် အများအားဖြင့် ဘဏ္ဍာရေးနှစ်တစ်နှစ်အတွက် ဒါရိုက်တာများ၏ ကုမ္ပဏီလုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ အစီရင်ခံစာကို စစ်ဆေးသုံးသပ် အတည်ပြုခြင်း၊ စာရင်းစစ်ထားသော လက်ကျန်ရှင်းတမ်း (Balance Sheet)ကို အတည်ပြုခြင်း၊ အငြိမ်းစားယူသူများ၏ ကိုယ်စား အလှည့်ကျ ဒါရိုက်တာများ ရွေးချယ်ခြင်း၊ စာရင်းစစ်ခန့်အပ်ခြင်း နှင့် ၎င်း၏ အခကြေးငွေ သတ်မှတ်ခြင်းတို့ ပါဝင်သည်။

 

အစုရှယ်ယာရှင်စာရင်း (Shareholder List)


ကုမ္ပဏီသည် အစုရှယ်ယာရှင်စာရင်းကို AGM ကျင်းပပြီ (၁၄) ရက်အတွင်း Ministry of Commerce သို့ တင်ပြရမည်။ အဆိုပါစာရင်းသည် AGM ကျင်းပသည့်အချိန်တွင် ကုမ္ပဏီ၏ လက်ရှိအစုရှယ်ယာရှင်စာရင်းဖြစ်ပြီး ကုမ္ပဏီအနေဖြင့်  သေချာစွာ မှတ်တမ်းထိန်းသိမ်းထားရှိရမည်ဖြစ်သည်။

 

စာရင်းစစ်ထားသော လက်ကျန်ရှင်းတမ်း (Audited Balance Sheet)


ကုမ္ပဏီ၏လက်ကျန်ရှင်းတမ်းကို အနည်းဆုံး တစ်နှစ်လျှင် တစ်ကြိမ် ပြင်ဆင်ရမည်ဖြစ်ပြီး ကုမ္ပဏီ၏ ဘဏ္ဍာရေးနှစ်နှင့်အညီ ဆောင်ရွက်ရန်ဖြစ်သည်။ ဤလက်ကျန်ရှင်းတမ်းတွင် ကုမ္ပဏီ၏ ရရန်ပိုင်ခွင့်နှင့် တာဝန်ရှိမှုများ၏ အနှစ်ချုပ်၊ အရှုံး/အမြတ် စာရင်း စသည်တို့ ပါဝင်ရမည်။ လက်ကျန်ရှင်းတမ်း ကို စာရင်းစစ် အနည်းဆုံးတစ်ဦး သို့မဟုတ် စာရင်းစစ်များမှ စစ်ဆေးရမည်ဖြစ်ပြီး ၎င်းသို့စစ်ဆေးပြီးသည့်နေ့ရက်မှ လေးလအတွင်း ကုမ္ပဏီအထွေထွေအစည်းအဝေးသို့ အတည်ပြုရန် တင်သွင်းရမည်။

 

ကော်ပိုရိတ် ၀င်ငွေခွန်ကြေညာလွှာ (Corporate Income Tax Returns)


ကုမ္ပဏီများသည် ကုမ္ပဏီဘဏ္ဍာရေးနှစ်၏ ပထမခြောက်လကုန်ဆုံးသည့်နေ့မှ နှစ်လအတွင်း နှစ်ဝက်ကြေညာလွှာ တင်ပြရန်နှင့် အခွန်ပေးဆောင်ရန် လိုအပ်ပါသည်။ ထို့အပြင် ကုမ္ပဏီ၏ ဘဏ္ဍာရေးနှစ်ကုန်ဆုံးသည့်နေ့မှ ရက်ပေါင်း (၁၅၀) အတွင်း စာရင်းစစ်ထားသော လက်ကျန်ရှင်းတမ်း မိတ္တူနှင့်အတူ နှစ်စဉ် ၀င်ငွေခွန်ကြေညာလွှာကို တင်သွင်းရမည်ဖြစ်သည်။ ဤနည်းအားဖြင့် အစီရင်ခံခြင်းနှင့် အခွန်ပေးဆောင်ခြင်းတို့ကို အချိန်မီပြုလုပ်စေရန်အတွက် ဖြစ်ပါသည်။

 

ကုမ္ပဏီများအနေဖြင့် ပေးဆောင်ရမည့် ဝင်ငွေခွန်  (CIT) နှုန်းထားသည် ၂၀ ရာခိုင်နှုန်းဖြစ်ပြီး ပြည်တွင်းနှင့် ကမ္ဘာတစ်ဝှမ်းမှရရှိသည့် အသားတင်အမြတ်များမှ တွက်ချက် ကောက်ယူခြင်း ဖြစ်ပါသည်။ သို့ရာတွင် အသေးစားနှင့် အလတ်စားလုပ်ငန်းများ (SMEs) များအတွက် CIT နှုန်းထားများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

  • ၀ - ၃၀၀, ၀၀၀ ဘတ်အကြား အသားတင်အမြတ်: ကင်းလွတ်ခွင့်ရရှိသည်။

  • ၃၀၀,၀၀၁ - ၃,၀၀၀,၀၀၀ ဘတ်အကြား အသားတင်အမြတ်: ၁၅ ရာခိုင်နှုန်း

  • ၃,၀၀၀,၀၀၀ ဘတ်အထက် အသားတင်အမြတ်- ၂၀ ရာခိုင်နှုန်း

 

ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုအပေါ်စည်းကြပ်သည့် အခွန်ကြေညာလွှာ (VAT Returns)


VAT ပေးဆောင်ရန် နှင့် အခွန်ကြေညာလွှာ တင်သွင်းရန် တာဝန်ရှိသည့် ကုမ္ပဏီများသည် လတစ်လ၏ (၁၅) ရက်နေ့တိုင်းတွင် ပြီးခဲ့သည့်လတွင် ဆောင်ရွက်ခဲ့သည့် ယင်းအခွန်ကျသင့်သည့်  လုပ်ငန်းကိစ္စများအား ဖော်ပြပါရှိသည့် ကြေညာလွှာတင်သွင်းရမည်။ ယင်းသို့ လစဉ် ကြေညာလွှာ တင်သွင်းခြင်းဖြင့် ယင်းကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုအပေါ် စည်းကြပ်နေသည့်အခွန်ဆိုင်ရာ စည်းမျဉ်းများနှင့် ညွှန်ကြားချက်များကို ကောင်းစွာလေးစွာလိုက်နာနိုင်ပြီး စည်းစနစ်ကျကျ အခွန်ပေးဆောင်နိုင်မည်ဖြစ်သည်။

 

တစ်ဦးခြင်းပုဂ္ဂလိက ဝင်ငွေခွန် (Personal Income Tax (PIT))


အခွန်စည်းကြပ်နှစ်တစ်နှစ်အတွင်း ထိုင်းနိုင်ငံ၌ ရက်ပေါင်း (၁၈၀) ရက်နှင့်အထက် နေထိုင်သူများအား ပြည်တွင်း၌နေထိုင်သူများဟု သတ်မှတ်၍ ပြည်တွင်းမှရရှိသည့် ဝင်ငွေနှင့် ပြည်ပမှရရှိပြီး ပြည်တွင်းသို့ ဝင်ရောက်လာသည့်ဝင်ငွေ၏ တစ်စိတ်တစ်ဒေသအပေါ် PIT ပေးဆောင်ရမည်ဖြစ်သည်။ ပြည်ပ၌နေထိုင်သူများအနေဖြင့် ထိုင်းနိုင်ငံအတွင်းရှိ ရင်းမြစ်များမှ ဝင်ငွေရရှိလျှင် ယင်းပြည်တွင်းမှရရှိသည့် ဝင်ငွေအတွက်သာ PIT ပေးဆောင်ရမည်ဖြစ်သည်။

 

ပြည်တွင်း ပေးချေမှုများအတွက် ပင်ရင်းမှနှုတ်ယူ ပေးသွင်းခွန် (Withholding Tax (WHT) on Domestic Payment)


ကုမ္ပဏီများအနေဖြင့် အခြားထိုင်းကုမ္ပဏီများသို့ ပေးချေရာတွင် အချို့သော ပေးချေမှုများအတွက် WHT အတွက် ဖြတ်တောက်ထားရန် လိုအပ်မည်ဖြစ်သည်။ ကုမ္ပဏီများအနေဖြင့် ဖြတ်တောက် ပေးသွင်းရန် အခွန်ပမာဏသည် ၀.၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိ ရှိပြီး ဝင်ငွေ အမျိုးအစားများ၊ ဥပမာအားဖြင့် ခိုင်ကြေး (Royalties)၊ အတိုး (Interest)၊ ပစ္စည်းငှားရမ်းခငွေ(Rent)၊ အသက်မွေးဝမ်းကျောင်း ပညာလုပ်ငန်းမှ ဝင်ငွေ (Professional Services)၊ အမြတ်ဝေစု (Dividends) နှင့်  အခြားရလမ်းများမှဝင်ငွေ စသဖြင့် မူတည်၍ ကွဲပြားနိုင်ပါသည်။ WHT သည် လစဉ် ကြေညာလွှာတင်သွင်းရမည်ဖြစ်ပြီး  တစ်ဆက်တည်း လတစ်လ၏ (၁၅) ရက်အတွင်း တင်သွင်းရမည်ဖြစ်သည်။

 

ပြည်ပ ပေးချေမှုများ အတွက် ပင်ရင်းမှ နှုတ်ယူပေးသွင်းခွန် (Withholding Tax (WHT) on Foreign Payment)


ထိုင်းနိုင်ငံအတွင်း စီးပွားရေးလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေခြင်းမရှိသော်လည်း ပြည်တွင်းမှ ဝင်ငွေရရှိနေသည့် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ဝင်ငွေ အမျိုးအစားများ၊ ဥပမာအားဖြင့် အတိုး (Interest)၊ အမြတ်ဝေစု (Dividends) နှင့် ဝန်ဆောင်မှုလုပ်ငန်း (Service Fees) အလိုက် ပင်ရင်းမှနှုတ်ယူပေးသွင်းခွန် ပေးဆောင်ရမည်ဖြစ်သည်။ ဖြတ်တောက်ပေးသွင်းရမည့် အခွန်ပမာဏသည် အမြတ်ဝေစု (Dividends) အပေါ်တွင် ၁၀ ရာခိုင်နှုန်းနှင့် အခြားရလမ်းများမှဝင်ငွေအပေါ်တွင် ၁၅ ရာခိုင်နှုန်းဖြစ်သည်။ နိုင်ငံခြားသို့ လွှဲပြောင်းငွေအပေါ် ကျသင့်သည့် ပင်ရင်းမှ နှုတ်ယူပေးသွင်းခွန် တွက်ချက်ရာတွင် အခွန်နှစ်ထပ် မကျသင့်စေရေးစာချုပ် (Double Tax Agreement)အား လိုက်နာဆောင်ရွက်ရမည်။ ပင်ရင်းမှနှုတ်ယူပေးသွင်းခွန် သည် လစဉ်ကြေညာလွှာ တင်သွင်းရမည်ဖြစ်ပြီး  တစ်ဆက်တည်း လတစ်၏ (၁၅) ရက်အတွင်း တင်သွင်း ရမည်ဖြစ်သည်။


နှစ်စဉ်စာရင်းစစ်ဆေးခြင်း (Annual Audit)

 

ထိုင်းနိုင်ငံတွင် တရားဝင်ဖွဲ့စည်းတည်ထောင်ထားသော ကုမ္ပဏီများ၊ အစုအစပ်လုပ်ငန်းများ၊ နိုင်ငံခြား ကုမ္ပဏီများ၏ရုံးခွဲများနှင့် ဖက်စပ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအားလုံးသည် သက်ဆိုင်ရာ စာရင်းကာလ (accounting period) အသီးသီးအတွက် ဘဏ္ဍာရေးဆိုင်ရာ ရှင်းတမ်းများကို ပြုစုထိန်းသိန်းထားရန် လိုအပ်ပါသည်။ ယင်းဘဏ္ဍာရေးဆိုင်ရာ ရှင်းတမ်းများကို အသိအမှတ်ပြု လက်မှတ်ရစာရင်းစစ် တစ်ဦးမှ စာရင်းစစ်ဆေးထားပြီး ဖြစ်ရပါမည်။ တာဝန်ကန့်သတ်ထားသော အများနှင့်မသက်ဆိုင်သည့် ကုမ္ပဏီများတွင် ဒါရိုက်တာများသည် သက်ဆိုင်ရာ ဘဏ္ဍာရေးနှစ် ကုန်ဆုံးပြီး လေးလအတွင်း အဆိုပါ စာရင်းစစ်ဆေးထားသည့် ဘဏ္ဍာရေးဆိုင်ရာ ရှင်းတမ်းများအပေါ် အစုရှယ်ယာရှင်များ၏ အတည်ပြုချက်ကို ရယူနိုင်ရန်အလို့ငှာ အစုရှယ်ယာရှင်များ၏  သင်းလုံးကျွတ် နှစ်ပတ်လည် အထွေထွေအစည်းအဝေးကို ခေါ်ယူကျင်းပရမည်ဖြစ်ပြီး၊ ယင်းနောက်တွင် အဆိုပါ အတည်ပြုထားသော စာရင်းစစ်ဆေးထားသည့် ဘဏ္ဍာရေးဆိုင်ရာ ရှင်းတမ်းကို အစုရှယ်ယာရှင်များ စာရင်းအပါအဝင် အခြားသော စာရွက်စာတမ်း အထောက်အထားများနှင့်တကွ Department of Business Development သို့ အစုရှယ်ယာရှင်များ၏ အထွေထွေအစည်းအဝေး ကျင်းပပြီးနောက် တစ်လအတွင်း တင်ပြရမည်ဖြစ်သည်။ 

 

လူမှုဖူလုံရေးရန်ပုံငွေ စာရင်းသွင်းခြင်း (Social Security Registration)

 

ကုမ္ပဏီများအနေဖြင့် ကုမ္ပဏီတွင် ခန့်အပ်ထားသော အလုပ်သမားများအားလုံးအတွက် လူမှုဖူလုံရေးရန်ပုံငွေ စာရင်းသွင်းခြင်းကို မဖြစ်မနေ လုပ်ဆောင်ထားရန် လိုအပ်ပါသည်။ အသက် (၁၅) နှစ် မှ အသက် (၆၀) နှစ်အတွင်းရှိ အလုပ်သမား တစ်ဦး သို့မဟုတ် အလုပ်သမားများကို အလုပ်ခန့်ထားသော ကုမ္ပဏီတိုင်းသည် အဆိုပါ အလုပ်သမား အလုပ်စတင်ဝင်ရောက်သည့်ရက်မှ ရက်ပေါင်း (၃၀) အတွင်း လူမှုဖူလုံရေးရုံးသို့ သတ်မှတ်ထားသည့် လျှောက်လွှာပုံစံနှင့်တကွ စာရင်းသွင်းလျှောက်ထားရမည်ဖြစ်သည်။ လူမှုဖူလုံရေး ရန်ပုံငွေကို အလုပ်ရှင်သာမက အလုပ်သမားပါ ထည့်ဝင်ရပြီး ယခုလက်ရှိ သတ်မှတ်ထားသည့် ထည့်ဝင်ရမည့်နှုန်းထားမှာ အလုပ်သမားရရှိသည့် လစာ၏ ၅% ဖြစ်သည်။ ထည့်ဝင်ကြေးများကို လူမှုဖူလုံရေးရုံးသို့ လစဉ်ပေးသွင်းရပြီး တစ်ဆက်တည်း လတစ်လ၏ (၁၅) ရက် မတိုင်မီ ပေးသွင်းရန် လိုအပ်ပါသည်။

 

နစ်နာကြေးရန်ပုံငွေ (Compensation Fund)


အလုပ်ရှင်များသည် မိမိတို့လုပ်ငန်းအမျိုးအစားပေါ်မူတည်၍ နစ်နာကြေးရန်ပုံငွေအတွက် နှစ်စဉ် ဇန်နဝါရီလ နောက်ဆုံးထား၍ ထည့်ဝင်ကြေး ပေးသွင်းရန်လိုအပ်ပါသည်။ ထို့အပြင် နှစ်တစ်နှစ်အတွင်း ပေးချေခဲ့သော လုပ်ခလစာပမာဏစုစုပေါင်းကို တစ်ဆက်တည်းပြက္ခဒိန်နှစ်၏ ဖေဖော်ဝါရီလ နောက်ဆုံးထား၍ တင်ပြ အစီရင်ခံရမည် ဖြစ်ပါသည်။


ကျွန်ုပ်တို့အနေဖြင့် လူကြီးမင်း၏ လုပ်ငန်းတွင် ထိုင်းနိုင်ငံ၏ ဥပဒေများအရ လိုက်နာဆောင်ရွက်ရန် လိုအပ်သည်များကို နည်းစနစ်တကျ ကူညီဆောင်ရွက်ပေးရန် အမြဲအသင့်ရှိနေပါသည်။ လူကြီးမင်းအနေဖြင့် စုံစမ်းမေးမြန်းလိုသည်များ သို့မဟုတ် ထပ်မံသိရှိလိုသည်များရှိပါက ကျွန်ုပ်တို့၏ ထိုင်းနိုင်ငံရုံးခွဲကို လည်းကောင်း၊ မြန်မာနိုင်ငံရုံးခွဲကိုလည်းကောင်း ဆက်သွယ်နိုင်ပါသည်။

 

 
 
 

Recent Posts

See All
【印度尼西亚】在印尼成立有限责任公司投资者的主要法律要求和注意事项

概述 由于其庞大的消费市场、战略位置和旨在改善营商便利的监管改革,印度尼西亚继续吸引外国投n资。本通讯概述了在印度尼西亚设立公司的流程,特别是适用于有限责任公司(Perseran Terbatas)的要求。 印尼商业实体类型概览 1. 有限责任公司(Perseran Terbatas或PT) PT公司是在印尼开展商业活动的主要法律实体,也是唯一允许外国投资的结构。PT分为以 下两种: ●

 
 
 
【印尼】在印尼成立有限責任公司投資者的主要法律要求和注意事項

概述 由於其龐大的消費市場、戰略位置和旨在改善營商便利的監管改革,印尼繼續吸引外國投資。 本 通訊概述了在印尼設立公司的流程,特別是適用於有限責任公司(Perseran Terbatas)的要求。 印尼商業實體類型概覽 1. 有限責任公司(Perseran Terbatas或PT) PT公司是在印尼開展商務工作的主要法律實體,也是唯一允許外國投資的結構。 PT分為 以下兩種: ● 當地P

 
 
 

Comments


©2022 by TWL LAW GROUP.

bottom of page