ထိုင်းနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလိုသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထိုင်းနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဘုတ်အဖွဲ့ (Board of Investment (“BOI”) of Thailand) မှ ပေးအပ်ထားသည့် ကင်းလွတ်ခွင့်နှင့် သက်သာခွင့်များကို အကျိုးရှိရှိ အသုံးချသင့်ပါသည်။ အဆိုပါ ဘုတ်အဖွဲ့သည် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံ့ပေးနိုင်ရန်အတွက် ပြည်တွင်းနှင့်ပြည်ပမှ ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်ရန်အလို့ငှာ ကင်းလွတ်ခွင့်နှင့်သက်သာခွင့် အမျိုးမျိုးအား ပေးအပ်လျက်ရှိသည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် ယေဘုယျအားဖြင့် သဘောသဘာဝ တူညီသော အစိုးရအဖွဲ့အစည်း တစ်ခု ဖြစ်ပါသည်။
BOI သည် ရင်းနှီးမြှုပ်နှံမှု အမျိုးအစားများအတွက် အရည်အချင်းပြည့်မီမှု စံနှုန်းများနှင့်စပ်လျဉ်း၍ အသေးစိတ်ဖော်ပြချက်များပါဝင်သော ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးလမ်းညွှန် (“လမ်းညွှန်”) ကို နှစ်စဉ် နီးပါး ထုတ်ပြန်လေ့ရှိပါသည်။ ဤလမ်းညွှန်တွင် ထိုင်းနိုင်ငံအစိုးရ အနေဖြင့် ရင်းနှီးမြှုပ်နှံမှု အဓိက မြှင့်တင်ရန် ရည်မှန်းထားသည့်ကဏ္ဍများကိုအထူးပြုဖော်ပြထားလေ့ရှိပါသည်။ ယေဘုယျအားဖြင့် ၂၀၂၃ ခုနှစ်တွင် ထုတ်ပြန်ထားသည့် လမ်းညွှန် အရ အောက်ဖော်ပြပါ အဓိက ကဏ္ဍလေးမျိုးတွင် ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်လျက်ရှိပါသည်-
(၁) ဇီဝနှင့် ဆေးဘက်ဆိုင်ရာ စက်မှုကဏ္ဍများ ( Bio-based and Medical Industries)
(၂) အဆင့်မြင့် ကုန်ထုတ်လုပ်မှု စက်မှုကဏ္ဍများ (Advanced Manufacturing Industries)
(၃) အခြေခံနှင့် အထောက်အကူပြု စက်မှုကဏ္ဍများ (Basic and Supporting Industries)
(၄) တန်ဖိုးမြင့်ဝန်ဆောင်မှုများ (High Value Services)။
ယင်းစက်မှုကဏ္ဍလေးမျိုးအောက်တွင် လုပ်ဆောင်နိုင်သည့် လုပ်ငန်းအမျိုးအစားများကို လမ်းညွှန်တွင် အသေးစိတ်ဖော်ပြထားသည်။ ထိုင်းနိုင်ငံမှ ပေးအပ်လျက်ရှိသော ကင်းလွတ်ခွင့်များနှင့် သက်သာခွင့်များကို ခံစားရရှိလိုသည့် ရင်းနှီးမြှုပ်နှံ သူများ အနေဖြင့် ထိုင်းနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုအစီအစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဤလမ်းညွှန်အား ကိုးကားဖတ်ရှု၍ ဖော်ပြပါ လုပ်ငန်းအမျိုးအစားတစ်ခုခုနှင့် ကိုက်ညီသော စီးပွားရေးကို ဆောင်ရွက်ခြင်းအားဖြင့် အဆိုပါ ကင်းလွတ်သက်သာခွင့်များကို ခံစားနိုင်ပါသည်။
လမ်းညွှန်တွင် ရင်းနှီးမြှုပ်နှံမှုအမျိုးအစားတစ်ခုချင်းအတွက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သီးခြား လိုအပ်ချက်များနှင့် အရည်အချင်းပြည့်မီမှု စံနှုန်းများ၊ သီးခြားနည်းပညာအသုံးပြုမှုများ၊ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်များနှင့်စပ်လျဉ်းသည့် အသုံးစရိတ်များအတွက် အနိမ့်ဆုံး မတည်ငွေရင်း သတ်မှတ်ချက်များ အစရှိသဖြင့် ဖော်ပြပါရှိသည်။ ထို့အပြင် စီမံကိန်းများအားလုံးအတွက် အကျုံးဝင်သည့် ယေဘုယျအားဖြင့်အနိမ့်ဆုံး အရည်အချင်းပြည့်မီမှု သတ်မှတ်ချက်များ တွင် အနည်းဆုံးတန်ဖိုး သတ်မှတ်ချက်များ၊ ခေတ်မီထုတ်လုပ်မှု လုပ်ငန်းစဉ်များနှင့် စက်ပစ္စည်းအသစ်များအသုံးပြုမှု၊ နိုင်ငံတကာအဆင့်မီ အသိအမှတ်ပြုလက်မှတ် သတ်မှတ်ချက်များ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်ရေးအစီအစဥ်များ၊ အနည်းဆုံး မတည်ငွေရင်းသတ်မှတ်ချက်များ၊ သီးခြား debt-to-equity ratios နှင့် တန်ဖိုးမြင့်စီမံကိန်းများအတွက် ဖြစ်နိုင်ခြေ လေ့လာမှု လိုအပ်ချက်များ ပါဝင်သည်။ ဤများပြားလှသည့် လိုအပ်ချက်များကြောင့် အလားအလာရှိသော ရင်းနှီးမြှုပ်နှံမည့်သူများသည် ၎င်းတို့ ဆောင်ရွက်လိုသည့် ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများ၏ အရည်အချင်းပြည့်မီမှုအား သေချာစေရန် စေ့စေ့စပ်စပ် အကဲဖြတ်၍ လေ့လာသုံးသပ်မှုများ ပြုလုပ်သင့်ကြောင်း အကြံပြုအပ်ပါသည်။
အရည်အချင်းပြည့်မီမှု သတ်မှတ်ချက် စံနှုန်းများနှင့် ကိုက်ညီ၍ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး အသိအမှတ်ပြု လက်မှတ်ကို ရရှိထားသည့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများအနေဖြင့် ကင်းလွတ်ခွင့်နှင့် သက်သာခွင့်အမျိုးမျိုးကို ရရှိခံစားနိုင်မည်ဖြစ်သည်။ ယင်းကင်းလွတ်ခွင့်နှင့် သက်သာခွင့်များကို အခွန်ကင်းလွတ်ခွင့်များနှင့် အခြား ကင်းလွတ်ခွင့်များ ဟူ၍ နှစ်မျိုးခွဲခြားထားသည်။
အခွန်ကင်းလွတ်ခွင့်များ
ကော်ပိုရိတ်ဝင်ငွေခွန် ကင်းလွတ်ခွင့်
စက်ယန္တရားများတင်သွင်းရာတွင် အကောက်ခွန် ကင်းလွတ်ခွင့်
သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးတွင် အသုံးပြုသည့် ကုန်ကြမ်းများတင်သွင်းရာတွင် အကောက်ခွန် ကင်းလွတ်ခွင့်
ပို့ကုန်ထုတ်လုပ်ရာတွင် အသုံးပြုသော ကုန်ကြမ်းများတင်သွင်းရာတွင် အကောက်ခွန် ကင်းလွတ်ခွင့်။
အခြား ကင်းလွတ်ခွင့်များ
မြေပိုင်ဆိုင်ခွင့်
ထိုင်းနိုင်ငံအတွင်းသို့ ကျွမ်းကျင်လုပ်သားများနှင့် ကျွမ်းကျင်ပညာရှင်များကို ခေါ်ဆောင်လာ ခွင့်
ထိုင်းနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို လေ့လာရန် ပြည်ဝင်ခွင့်
နိုင်ငံခြားငွေဖြင့် နိုင်ငံခြားသို့ ငွေလွှဲခွင့်။
ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ခံစားနိုင်သည့်ကင်းလွတ်ခွင့်များနှင့် သက်သာခွင့်များကို ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အမျိုးအစား အလိုက်အုပ်စုများ ခွဲခြားသတ်မှတ်ထားပြီး၊ A1-A4 နှင့် B1, B2 ဟူ၍ ညွှန်းဆိုထားပါသည်။ ဤအုပ်စုများအကြား အဓိကကွာခြားချက်မှာ ဝင်ငွေခွန် ကင်းလွတ်ခွင့်ပြုသည့်ကာလနှင့် ကင်းလွတ် ခွင့်ပြုသည့် ပမာဏ ကန့်သတ်ချက် ရှိမရှိ ဖြစ်ပါသည်။ ယေဘုယျအားဖြင့် အုပ်စု A တွင်ပါဝင်သည့် စီမံကိန်းများသည် အုပ်စု B ပါ စီမံကိန်းများထက် ဝင်ငွေခွန်ကင်းလွတ်ခွင့်ကာလကို ပို၍ကြာရှည်စွာ ခံစားရရှိ နိုင်ပါသည်။
ထို့အပြင် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်သည့်ကဏ္ဍတွင် ပါဝင်သည့် ကုမ္ပဏီများအတွက် ၎င်းကုမ္ပဏီများတွင် လုပ်ကိုင်မည့် နိုင်ငံခြားသား အလုပ်သမားများ Work Permit ရရှိရန် အခြေခံသတ်မှတ်ချက်များကို သိသာထင်ရှားစွာ ဖြေလျှော့ပေးထားပါသည်။ ပုံမှန်အားဖြင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်သည့်ကဏ္ဍတွင် မပါဝင်သည့် ထိုင်းနိုင်ငံသား အများစုပိုင် ကုမ္ပဏီများသည် နိုင်ငံခြားသားအလုပ်သမားတစ်ဦးကို အလုပ်ခန့်ထားမှု အတွက် ထိုင်းနိုင်ငံသား အလုပ်သမားလေးဦးကို အလုပ်ခန့်ထားရမည်ဖြစ်ပြီး နိုင်ငံခြားသား အလုပ်သမားတစ်ဦးစီအတွက် ထည့်ဝင်ပြီးမတည်ငွေ (Paid up Capital) ဘတ် (၂) သန်းစီ ထည့်ဝင်ပြီးဖြစ်ရမည်။ သို့သော် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်သည့်ကဏ္ဍတွင် ပါဝင်သည့်ကုမ္ပဏီများအတွက် ဤသတ်မှတ်ချက်များမှ ကင်းလွတ်ခွင့်ပြုထားသောကြောင့် ကုမ္ပဏီအနေဖြင့် အလုပ်သမားခန့်ထားရေး နှင့် မတည်ငွေလိုအပ်ချက်များအတွက် သီးသန့်ထည့်ဝင်စရာမလိုပဲ နိုင်ငံခြားသားဝန်ထမ်း အများအပြားခန့်ထားနိုင်ပါသည်။ ထို့အပြင် အချို့သော ရင်းနှီးမြှုပ်နှံမှုမြှင့်တင်သည့်ကဏ္ဍတွင် ပါဝင်သည့် စီးပွားရေးလုပ်ငန်းများသည် အမျိုးအစားပေါ်မူတည်၍ အနည်းဆုံး မတည်ရင်းနှီးငွေရင်း ထိုင်းဘတ် (၁) သန်း သာ လိုအပ်သော စီးပွားရေးလုပ်ငန်းများလည်းရှိသောကြောင့် ဤကင်းလွတ်ခွင့်သည် များစွာ အကျိုးရှိနိုင်ပါသည်။
ထိုင်းနိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများအတွက် ပေးအပ်ထားသည့် အကျိုးကျေးဇူးများစွာရှိသော်လည်း ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး အသိအမှတ်ပြုလက်မှတ် လျှောက်ထားခြင်းလုပ်ငန်းစဉ်သည် အပြိုင်အဆိုင်များသောလုပ်ငန်းစဉ်ဖြစ်သည့်အတွက် တိကျသော လမ်းညွှန်မှုဖြင့် သေချာစွာပြင်ဆင်ဆောင်ရွက်ရန် လိုအပ်ပါသည်။ လျှောက်ထားခြင်းလုပ်ငန်းစဉ်ကို ချောမွေ့ အောင်မြင်စွာ ပြီးမြောက်စေရန်အတွက် ရင်းနှီးမြုပ်နှံသူများအနေဖြင့် အတွေ့အကြုံရှိသည့် law firm များ၏ အကူအညီကိုရယူရန် အကြံပြုအပ်ပါသည်။
ကျွန်ုပ်တို့ Thanlwin Legal ၏ထိုင်းနိုင်ငံရုံးခွဲ သည် ထိုင်းနိုင်ငံတွင် လုပ်ငန်းအတွေ့အကြုံများစွာရှိသည့် ရှေ့နေများဖြင့်ဖွဲ့စည်းတည်ထောင်ထားပြီး ၃ နှစ်တာသက်တမ်းအတွင်း အောက်ဖော်ပြပါ စက်မှုလုပ်ငန်းအမျိုးမျိုးအတွက် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး အသိအမှတ်ပြုလက်မှတ်များအား လျှောက်ထားရယူပေးနိုင်ခဲ့သည့်မှတ်တမ်းများ အထင်အရှား ရှိပါသည်။
အစားအသောက်နှင့် အဖျော်ယမကာ ထုတ်လုပ်မှု လုပ်ငန်း
ကုန်သွယ်မှု (TISO) လုပ်ငန်း
ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင် (နေစွမ်းအင်၊ လေစွမ်းအင်) လုပ်ငန်း
စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှု လုပ်ငန်း
အင်ဂျင်နီယာ ဒီဇိုင်း လုပ်ငန်း
မော်တော်ယာဉ် တပ်ဆင်ခြင်း လုပ်ငန်း
အီလက်ထရောနစ်ပစ္စည်းများ တပ်ဆင်ခြင်း လုပ်ငန်း (ဥပမာ - အိမ်သုံး လျှပ်စစ်ပစ္စည်းများ တပ်ဆင်ခြင်း)
အအေးခန်းသိုလှောင်မှု လုပ်ငန်း
ဤအောင်မြင်မှုများသည် လူကြီးမင်းအား ထိုင်းနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး အသိအမှတ်ပြု လက်မှတ်ကို လျှောက်ထားရယူပေးနိုင်ရန်အတွက် ကျွန်ုပ်တို့၏စွမ်းဆောင်ရည်ကို သက်သေပြလျက် ရှိပါသည်။ သို့ဖြစ်ပါ၍ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး အသိအမှတ်ပြုလက်မှတ်နှင့် ပတ်သက်၍ စုံစမ်းမေးမြန်းလိုသည်များ သို့မဟုတ် ထပ်မံသိရှိလိုသည်များရှိပါက ရန်ကုန်နှင့် ထိုင်းနိုင်ငံရှိ ကျွန်ုပ်တို့၏ရုံးခွဲ များသို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။
Comments