top of page
  • Writer's pictureEditor

ထိုင်းနိုင်ငံရှိ နိုင်ငံခြားစီးပွားရေးလုပ်ငန်းများအတွက် ဥပဒေဆိုင်ရာ လိုအပ်ချက်များကို လေ့လာဆန်းစစ်ခြင်း - သတိပြုဖွယ် အချက်များ နှင့် အခြားသော သိမှတ်ဖွယ်ရာများ



ပြည်ပသို့ လုပ်ငန်းချဲ့ထွင်ပြောင်းရွှေ့လုပ်ကိုင်လိုကြသည့် မြန်မာနိုင်ငံသားပိုင် စီးပားရေးလုပ်ငန်းများ ပိုမိုများပြားလာသည်နှင့်အမျှ ထိုင်းနိုင်ငံတွင် ကုမ္ပဏီတည်ထောင်ရန် ကြိုးပမ်းမှုများကို  တစ်နှစ်ထက်တစ်နှစ် သိသာထင်ရှားစွာတွေ့မြင်လာရသည်။ ကျွန်ုပ်တို့၏ အတွေ့အကြုံအရ မြန်မာစီးပွားရေး လုပ်ငန်းရှင်များသည် အများအားဖြင့် ဝန်ဆောင်မှုပေးသည့် စီးပွားရေးလုပ်ငန်းများဖြစ်သည့် မြန်မာ စားသောက်ဆိုင် များ ၊ ဆံပင်အလှပြင် လုပ်ငန်းများ၊ ဗီဇာဝန်ဆောင်မှုပေးသည့် အေဂျင်စီများ နှင့် အိမ်ခြံမြေ အေဂျင်စီ များကဲ့သို့သော လုပ်ငန်းများကို လုပ်ကိုင်ရန် စိတ်ဝင်စားကြပါသည်။ သို့ရာတွင် အများစု သတိမပြုမိကြသည်မှာ အထက်ဖော်ပြပါ ဝန်ဆောင်မှုလုပ်ငန်းများ အပါအဝင် ဝန်ဆောင်မှုလုပ်ငန်းအများစုသည် ထိုင်းနိုင်ငံ၏ နိုင်ငံခြား စီးပွားရေးလုပ်ငန်းဥပဒေ (Thailand’s Foreign Business Act) အရ နိုင်ငံခြားသားများကို ဆောင်ရွက်ခွင့်ကန့်သတ်ထားသော လုပ်ငန်းများဖြစ်ကြပြီး နိုင်ငံခြားသားအများစုပိုင် ကုမ္ပဏီများအနေဖြင့် အဆိုပါလုပ်ငန်းများကို ဆောင်ရွက်လိုပါက  “နိုင်ငံခြားစီးပွားရေး လုပ်ငန်းလိုင်စင် (FBL)”  ဟုခေါ်သည့် လုပ်ကိုင်ခွင့်လိုင်စင် တစ်ခု လျှောက်ထားရန်လိုအပ်ခြင်းဖြစ်ပါသည်။

 

နိုင်ငံခြား စီးပွားရေးလုပ်ငန်းလိုင်စင် ( FBL ) လျှောက်ထားရန် အတွက်အောက်ဖော်ပြပါ အချက်များလိုအပ်ပါသည်။

၁။     နိုင်ငံခြားစီးပွားရေးလုပ်ငန်းလိုင်စင် ( FBL ) လျှောက်ထားသော ကုမ္ပဏီသည် နိုင်ငံခြားသား အလုံးစုံ သို့မဟုတ် အများစု ပိုင်သော ကုမ္ပဏီ ဖြစ်ရမည်။ အများစုဟု ဆိုရာတွင် ကုမ္ပဏီ၏ ရှယ်ယာအားလုံးအနက် ၅၁ ရာခိုင်နှုန်းနှင့် အထက်ပိုင်ဆိုင်မှုကို ဆိုလိုခြင်းဖြစ်ပါသည်။

၂။      ကုမ္ပဏီ သည် စီးပွားရေးလုပ်ငန်း တစ်ခုစီအတွက် မတည်ငွေရင်း အနည်းဆုံး ထိုင်းဘတ် ၃ သန်း ရှိရမည်။ ဤလိုအပ်ချက်သည် သာမာန်ထိုင်းကုမ္ပဏီများတည်ထောင်ရာတွင်လိုအပ်သည့် မတည်ငွေရင်းထက် ပိုမိုများပြားပါသည်။

၃။     ကုမ္ပဏီသည် စီးပွားရေးလုပ်ငန်းတစ်ခုစီအတွက် သီးခြား နိုင်ငံခြားစီးပွားရေးလုပ်ငန်းလိုင်စင် ( FBL) တစ်ခုစီ လျှောက်ထားရမည်။ ဆိုလိုသည်မှာ ကုမ္ပဏီအနေဖြင့် စားသောက်ဆိုင်လုပ်ငန်းအပြင် ကုန်သွယ်ရေးလုပ်ငန်းကိုပါအတူတကွဆောင်ရွက်လိုပါက စားသောက်ဆိုင်လုပ်ငန်းအတွက် လိုင်စင်တစ်ခု နှင့် ကုန်သွယ်ရေးလုပ်ငန်းအတွက် လိုင်စင်တစ်ခု လိုအပ်မည်ဖြစ်ပြီး ထိုလိုင်စင်တစ်ခုချင်းစီအတွက်လဲ မတည်ငွေရင်း ၃ သန်းစီပေးချေရမည်ဖြစ်ပါသည်။


၄င်းလိုအပ်ချက်များကို ကြည့်ခြင်းအားဖြင့် အဆိုပါလိုင်စင် လျှောက်ထားမှုသည် နိုင်ငံခြားသားလုပ်ငန်းရှင်များ အတွက် ဝန်ဆောင်မှုလုပ်ငန်းကဲ့သို့သော လုပ်ငန်းများဆောင်ရွက်ရာတွင် ပိုမိုစိစစ်လိုသော ထိုင်းနိုင်ငံ၏ အမြင်ကို သတိပြုမိနိုင်ပါသည်။

 

ထို့အပြင် နိုင်ငံခြားစီးပွားရေးလုပ်ငန်းလိုင်စင် (FBL)သည် ထိုင်းနိုင်ငံတွင် ကန့်သတ်ထားသောလုပ်ငန်းများကို လုပ်ဆောင်ရန် အတွက် ခွင့်ပြုချက်မျှသာဖြစ်ပြီး အခြားသော နိုင်ငံသားပိုင်ကုမ္ပဏီများ ရရှိနိုင်သော  ကင်းလွတ်ခွင့်နှင့် သက်သာခွင့်များအား တစ်ပါတည်းရရှိခြင်း မဟုတ်ကြောင်း သတိပြုရန် အရေးကြီးပါသည်။ အထူးသဖြင့် ပုံမှန်သတ်မှတ်ထားသည့် အလုပ်သမားခန့်အပ်မှုအချိုးဖြစ်သည့် နိုင်ငံခြားသား ၁ ယောက်ခန့်ထားလိုလျှင် ထိုင်းနိုင်ငံသား ၄ ယောက်ခန့်ထားရမည့် လိုအပ်ချက်မှာ မပြောင်းလဲဘဲ ဆက်လက်အကျုံးဝင်လျက်ရှိပြီး နိုင်ငံခြားသားအလုပ်သမားများ အလုပ်လုပ်ကိုင်ခွင့်ပါမစ် (Work Permit) လျှောက်ထားရာတွင် တစ်ဦးလျှင် မတည်ငွေရင်း ဘတ် ၂ သန်း ရှိရန် လိုအပ်ချက်မှာလည်း ဆက်လက်အကျုံးဝင်မည်ဖြစ်ပါသည်။

 

လက်တွေ့ရှုထောင့်မှ ကြည့်လျှင်လည်း နိုင်ငံခြားစီးပွားရေးလုပ်ငန်းလိုင်စင် (FBL) လျှောက်ထားခြင်း လုပ်ငန်းစဉ်သည် ရှုပ်ထွေးပြီး  အချိန်အားဖြင့်လည်း ခြောက်လကျော် ကြာမြင့်နိုင်ချေရှိသည့်အပြင် ငြင်းပယ်ခံရနိုင်ခြေလဲ ရှိပါသည်။ ထို့ပြင် မတည်ငွေရင်း လိုအပ်ချက်နှင့် အခြားလျှောက်ထားမှုဆိုင်ရာ လိုအပ်ချက်များစွာပါဝင်မှုသည်လည်း များစွာသော နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ အတွက် သိသာထင်ရှားသည့်  စိုးရိမ်စရာတစ်ခု ဖြစ်ပါသည်။ သို့ဖြစ်၍ နိုင်ငံခြားစီးပွားရေး လုပ်ငန်းလိုင်စင် (FBL) လျှောက်ထားမှုကို လုပ်ငန်းရှင်အများစုသည် ရှောင်ရှားလိုကြသည်ကို တွေ့ရှိရပါသည်။

 

နိုင်ငံခြားစီးပွားရေးလုပ်ငန်းလိုင်စင် (FBL) လျှောက်ထားရမည့် လိုအပ်ချက်ကို ရှောင်ရှားရန် အများဆုံးအသုံးပြုသည့်နည်းလမ်းများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်


၁။        ထိုင်းနိုင်ငံသားအစုရှယ်ယာရှင်များနှင့် ဖက်စပ်ကုမ္ပဏီတည်ထောင်ခြင်း


ဤနည်းလမ်းသည် နိုင်ငံခြားကုမ္ပဏီအများစု အသုံးပြုသော နည်းလမ်းဖြစ်ပါသည်။ နိုင်ငံခြားစီးပွားရေးလုပ်ငန်း ဥပဒေ (Foreign Business Act) အရ နိုင်ငံခြားသားများသည် ကုမ္ပဏီတစ်ခုတွင် နိုင်ငံခြားကုမ္ပဏီအဖြစ် သတ်မှတ်ခြင်းမခံရဘဲ အစုရှယ်ယာ ၄၉ ရာခိုင်နှုန်း အထိ ပိုင်ဆိုင်နိုင်သည်။ ထို့ကြောင့် ထိုင်းအစုရှယ်ယာရှင်များက ကုမ္ပဏီ၏ အစုရှယ်ယာ ၅၁ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသရွေ့ ကုမ္ပဏီသည် ကန့်သတ်ထားသော လုပ်ငန်းများကို လုပ်ဆောင်ရန်အတွက် နိုင်ငံခြားစီးပွားရေးလုပ်ငန်းလိုင်စင်(FBL) လျှောက်ထားရန် လိုအပ်ချက်မှ ကင်းလွတ်နိုင်သည်။


၂။         BOI  ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးဆိုင်ရာ ဆောင်ရွက်မှုများ  


ကုမ္ပဏီများအနေဖြင့် ၎င်းတို့၏ ရည်ရွယ်ထားသော စီးပွားရေးလုပ်ငန်းဆောင်ရွက်မှုများသည် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးလမ်းညွှန် (BOI လမ်းညွှန်) တွင်ဖော်ပြထားသော ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးအမျိုးအစားများ အောက်တွင် ကျရောက်ပါက ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဘုတ်အဖွဲ့(“BOI”) မှ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ခြင်း အတွက် လျှောက်ထားနိုင်သည်။ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ခြင်းရရှိထားသော  ကုမ္ပဏီတစ်ခုသည် နိုင်ငံခြားစီးပွားရေးလုပ်ငန်း လိုင်စင် (FBL) အစား လျှောက်ထားမှု လုပ်ငန်းစဉ် ပိုမိုလွယ်ကူသော နိုင်ငံခြား စီးပွားရေး လုပ်ငန်း အသိအမှတ်ပြုလက်မှတ် (FBC) လိုအပ်ပါသည်။ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး ကုမ္ပဏီများအတွက် အနိမ့်ဆုံး မတည်ငွေရင်း လိုအပ်ချက်ကို လျှော့ပေါ့ပေးထားသောကြောင့် အချို့သော လုပ်ငန်းများအတွက် ဘတ်ငွေ ၁ သန်း အထိသာလိုအပ်သည်ကိုတွေ့ရသည်။ ထို့အပြင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဘုတ်အဖွဲ့  (“BOI”) ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး ကုမ္ပဏီများအတွက် အလုပ်သမားအချိုးအစား လိုအပ်ချက်သည် ၁: ၁ အချိုးသာဖြစ်၍  ပိုမို သက်ညှာမှု ရှိသည်။ သို့ရာတွင် ဤလျှောက်ထားမှုသည် ခေတ်မီဆန်းပြားသော လုပ်ငန်းဆောင်ရွက်မှု အစီအစဉ်နှင့် လုပ်ဆောင်ချက်များ အပြင် အချိန်ကာလအလျှောက်တင်ပြမှုများ၊ နှစ်စဥ်တင်ပြမှုများ နှင့် အခြားအကဲဖြတ်မှုများပါဝင်သည့် ရှုပ်ထွေးသော ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဘုတ်အဖွဲ့  (“BOI”) လျှောက်ထားခြင်းလုပ်ငန်းစဉ် ကိုဖြတ်ကျော်ရန် လိုအပ်ပြန်ပါသည်။

 

ဤရွေးချယ်စရာနည်းလမ်းနှစ်ခုကို နှိုင်းယှဉ်စဉ်းစားရာတွင် ရင်းနှီးမြှုပ်နှံသူအများစုသည် ဖက်စပ်ကုမ္ပဏီ တည်ထောင်ခြင်း နည်းလမ်း အား ၎င်း၏ ကုန်ကျစရိတ်သက်သာမှုနှင့် အချိန်ကုန်သက်သာမှုတို့ကြောင့် ပိုမိုအလေးပေး ရွေးချယ်လေ့ရှိသည်။ သို့ရာတွင် ဤနည်းလမ်းတွင်လည်း ပြဿနာများစွာ ရှိနေသေးသည်။


ဥပဒေရေးရာပြဿနာများ


နိုင်ငံခြားစီးပွားရေးလုပ်ငန်းဆိုင်ရာဥပဒေ (FBA) အရ ထိုင်းနိုင်ငံသား သို့မဟုတ် ဥပဒေနှင့်အညီ တရားဝင်ဖွဲ့စည်းတည်ထောင်ထားသည့် အဖွဲ့အစည်းများသည် နိုင်ငံခြားကုမ္ပဏီများအနေဖြင့် ကန့်သတ်ထားသည့်လုပ်ငန်းများ လုပ်ဆောင်ရန် နိုင်ငံခြားစီးပွားရေးလုပ်ငန်းလိုင်စင် (FBL) လျှောက်ထားရန် လိုအပ်ချက်ကို ကျော်လွှားနိုင်စေရန်အလို့ငှာ အမည်ခံရှယ်ယာရှင် အဖြစ်ဆောင်ရွက်ပါက ၎င်းအား ထောင်ဒဏ် သုံးနှစ်အထိဖြစ်စေ၊ ငွေဒဏ် ဘတ်တစ်သိန်းမှ ဘတ်တစ်သန်းအထိဖြစ်စေ၊ သို့မဟုတ် ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ခြင်းနှင့် စီးပွားရေးလုပ်ငန်းအား ပိတ်သိမ်းခြင်း စသည့် ပြစ်ဒဏ်များအား အရေးယူနိုင်သည်။ ထိုင်းနိုင်ငံသားများကို နိုင်ငံခြားသားများနှင့် အတူတကွ အလုပ်လုပ်ကိုင်ခြင်းမှ တားမြစ်ထားခြင်းမရှိသော်လည်း၊ အစုရှယ်ယာဝင် သဘောတူညီချက်များ၊ ဖက်စပ်သဘောတူညီချက်များ၊ ကုမ္ပဏီ၏ သင်းဖွဲ့စည်းမျဉ်းများတွင် အစုရှယ်ယာဆိုင်ရာ အသေးစိတ်အချက်အလက်များ၊ မတည်‌ငွေရင်းထည့်သွင်းမှုနှင့် အစု ရှယ်ယာရှင်များ ပါဝင်ပတ်သက်မှု အပါအဝင် သင့်လျော်သော တရားဝင် စီစဉ်ဆောင်ရွက်ထားမှုရှိခြင်း သို့မဟုတ် ထိုသို့စီစဉ်ထားရှိရန်ပျက်ကွက်ခြင်း စသည့် အသေးစိတ် အချက်အလက်များမှတစ်ဆင့် အမည်ခံစီစဉ်ဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ သံသယများ ဖြစ်ပေါ်လာနိုင်သည်။ ထိုသို့အထက်တွင် ဖော်ပြထားသည့်အဆင့်များနှင့် စီစဉ်ဆောင်ရွက်မှုများ ပြုလုပ်ထားမှု မရှိခြင်းသည် အမည်ခံစီစဉ်ဆောင်ရွက်မှုအဖြစ် သတ်မှတ်ခြင်းခံရနိုင်ပြီး ယင်းကုမ္ပဏီသည် FBA အောက်တွင် ပြစ်ဒဏ်များ ချမှတ်ခံရနိုင်ချေရှိပါသည်။ သို့ဖြစ်၍ အတွေ့အကြုံရှိသည့် ဥပဒေ အကြံပေးများနှင့် သေချာစွာတိုင်ပင်ဆွေးနွေးပြီး တိကျရှင်းလင်းသည့် ဥပဒေနှင့် ညီညွှတ်သည့် စာရွက်စာတမ်းများကို အသေအချာပြင်ဆင်ဆောင်ရွက်ရန်အရေးကြီးပါသည်။


ပိုင်ဆိုင်မှုဆိုင်ရာပြဿနာများ


အစုရှယ်ယာရှင်အများစုသည် ဒါရိုက်တာများကို ခန့်အပ်ခြင်းနှင့် ဖယ်ရှားခြင်း၊ ဒါရိုက်တာများ၏ အာဏာနှင့် အခကြေးငွေ၊ ဒါရိုက်တာများ အလှည့်ကျ အငြိမ်းစားယူခြင်း၊ ဘဏ္ဍာရေးဆိုင်ရာရှင်းတမ်းများအား ထောက်ခံချက်၊ စာရင်းစစ်များကို ရွေးချယ်ခြင်းနှင့် အခကြေးငွေပေးခြင်းတို့အပြင် အမြတ်ဝေစုခွဲဝေမှုစသည့် ကုမ္ပဏီ၏ ဆုံးဖြတ်ချက်များပေါ်တွင် သိသာထင်ရှားသော ထိန်းချုပ်မှုများရှိသည်။ သို့ဖြစ်၍ ထိုင်းနိုင်ငံသား နှင့်ဖက်စက် ကုမ္ပဏီများ ကို ထိုင်းနိုင်ငံသားအများစုပိုင် အဖြစ် တည်ထောင်ရာတွင် အစုရှယ်ယာဝေခွဲမှုသာမက ကုမ္ပဏီအပေါ်တွင် ထိန်းချုပ်မှုနှင့်ပတ်သက်သည့် လုပ်ငန်းဆောင်တာများခွဲဝေမှုကိုပါ ရှင်းလင်းစွာ ညှိနှိုင်းဆောင်ရွက်ထားရန်လိုအပ်ပါသည်။ ထို့ကြောင့် ဥပဒေ အကြံပေးများနှင့် သေချာစွာတိုင်ပင်ဆွေးနွေးပြီး တိကျရှင်းလင်းသည့် ဥပဒေနှင့် ညီညွတ်သည့် စာချုပ်များကို ရေးသားချုပ်ဆိုခြင်းအားဖြင့် အနာဂတ်တွင် ပြဿနာတစ်စုံတရာ မဖြစ်စေရန်အတွက် သတိပြု ဆောင်ရွက်နိုင်ပါသည်။

 

TWLS သည် ထိုင်းနိုင်ငံတွင် စီးပွားရေးလုပ်ငန်း လုပ်ဆောင်ရာ၌ ကြုံတွေ့ရသည့် အခက်အခဲများနှင့် ရှုပ်ထွေးမှုများကို လမ်းညွှန်မှုပေးနိုင်သည့် အတွေ့အကြုံရှိသော ဝါရင့်ကျွမ်းကျင်သူရှေ့နေများ၏ ဦးဆောင်မှုဖြင့် ဝန်ဆောင်မှုပေးလျက် ရှိပါသည်။ ကျွန်ုပ်တို့၏ ရှေ့နေများသည် ထိုင်းနိုင်ငံတွင်လိုင်စင်ရရှိထားပြီးရုံသာမက နိုင်ငံတကာလုပ်ငန်းခွင်စံနှုန်းများနှင့် ကိုက်ညီပြီး ဒေသတွင်းနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေရေးရာ အခြေအနေများကို ကောင်းစွာ နားလည်နိုင်၍ ကျွမ်းကျင်ပိုင်နိုင်သော လေ့ကျင့်သင်ကြားမှုကိုရရှိထားပြီးဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ကုမ္ပဏီများတည်ထောင်ရာ၌ အကူအညီပေးခြင်း၊ လိုအပ်သော လိုင်စင်များကို ရယူပေးခြင်းနှင့် သက်ဆိုင်ရာ ဥပဒေများနှင့် စည်းမျဉ်းများအားလုံးကို လိုက်နာမှု ရှိစေရေးတို့အတွက် ဥပဒေရေးရာ ဝန်ဆောင်မှုများပေးရန် အမြဲအသင့်ရှိနေပါသည်။ လူကြီးမင်းအနေဖြင့် စုံစမ်းမေးမြန်းလိုသည်များ သို့မဟုတ် ထပ်မံသိရှိလိုသည်များရှိပါက ကျွန်ုပ်တို့၏ ထိုင်းနိုင်ငံရုံးခွဲကို လည်းကောင်း၊ မြန်မာနိုင်ငံရုံးခွဲကိုလည်းကောင်း ဆက်သွယ်နိုင်ပါသည်။

30 views0 comments

Comments


bottom of page